သင်အထီးကျန်နေပြီဆိုတာကို သင်ကိုယ်တိုင်သိရဲ့လား
ကမ္ဘာပေါ်မှာ လူပေါင်း ၇ ဘီလီယံကျော်လောက်ရှိပေမယ့် ကိုယ့်ဘေးမှာ ဘယ်သူမှမရှိနေသလိုမျိုး စိတ်ခံစားချက်ကို အထီးကျန်တယ်လို့ ဆိုရမှာပေါ့။ အထီးကျန်တယ်ဆိုတဲ့စကားလုံးလေးက အမြင်ပန်းမှာလှသလောက် တကယ်တမ်းခံစားရချိန်မှာတော့ အင်မတန်မှဆိုးရွားတဲ့ ခံစားချက်တစ်ခုပါ။
တစ်ချို့က ရောထွေးပြီး တွေးတတ်ကြပါတယ်။ အထီးကျန်နေတယ်ဆိုတာ Relationship မရှိတာကြောင့် မိသားစု၊ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေနဲ့ ကင်းကွာနေတာကြောင့် ခံစားရတတ်တယ်လို့ ညွှန်းဆိုချင်ကြတာမျိုးပေါ့။ တကယ်တမ်းမှာတော့ အထီးကျန်တယ်ဆိုတာက လူအများကြီးအကြားမှာရှိနေရင်တောင်မှ ခံစားနေရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာမျိုးပါ။
အထီးကျန်ဆန်တဲ့ ခံစားချက်မျိုးရှိနေပြီဆိုရင် စိတ်ဓာတ်ကျတာတွေ၊ အားငယ်တာတွေနဲ့ အရှုံးပေးလိုစိတ်တွေပါ နောက်ဆက်တွဲအနေနဲ့ ပါလာတာတတ်တာမို့ ဂရုစိုက်သင့်တဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေမှာတော့ အထီးကျန်နေတဲ့ ခံစားချက်ကို ခံစားနေရလို့ နေရမှန်းတောင်မသိပဲ ကြုံနေရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ တစ်ယောက်တည်း ဟာတာတာ စိတ်ကြီးနဲ့ရှင်သန်နေရပြီး ဘာဖြစ်နေတာမှန်းမသိတာမျိုးပေါ့။ တကယ်တော့ ဒီလိုမျိုးခံစားနေရတာကိုက အထီးကျန်နေတဲ့ ခံစားချက်တစ်ခုပါပဲ။
လူတစ်ယောက် အထီးကျန်မှုဝေဒနာကို ခံစားနေရပြီဆိုရင် အောက်ပါ လက္ခဏာရပ်တွေ၊ ခံစားချက်တွေ ကြုံရပါလိမ့်မယ်။
• လူတွေအကြားမှာ တစ်ယောက်တည်းလို့ ခံစားနေရတာ
• သက်မဲ့အရာတွေနဲ့ ပတ်ဝန်းကျင်က အသံတွေကတောင် ကိုယ့်ကို နွေးထွေးစေသယောင်ယောင် ခံစားမိနေတာ
• အချိန်တိုင်း နာဖျားနေတယ်လို့ ခံစားမိနေတာ
• နေရင်းထိုင်ရင်း ကိုယ်အလေးချိန် တက်လာတာ
• အချိန်တိုင်း ဆိုရှယ်မီဒီယာပေါ်မှာပဲ အချိန်ဖြုန်းမိနေတာ
ဒါတွေက အထီးကျန်နေမှုရဲ့ လက္ခဏာရပ်တွေပါပဲ။ ခုလိုမျိုး စိတ်ခံစားချက်မျိုးကြုံဆုံနေရပြီဆိုရင် မိမိကိုယ်ကိုအရင်ဆန်းစစ်ပြီး အထီးကျန်မှုကနေ ရုံးထွက်နိုင်ဖို့ အလျှင်အမြန်ပဲကြိုးစားသင့်ပါတယ်နော်။